Saturday, September 25, 2010

(September 26, 2010) Online Sermon.

ကြွယ်ဝသော ကောင်းကြီးမင်္ဂလာ

By Yaw Tam

အခြေပြုကျမ်း။ ရော ၅း၁၇၊ ယော ၁၀း၁၀၊ ဆာလံ ၁၆း၁၁၊ ၂ပေ ၁း၁၁

ရှေးဦးစွာ အချိန်နာရီကို ပြင်ဆင်ပေးသောဘုရားသခင့်ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ တစ်ချိန်တည်းမှာ Online Sermon မှာပါဝင်သက်သေခံခွင့်ပေးသော PCCF မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အပေါ် ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။ ထိုအတူ ကျွန်တော်၏ မပြည့်စုံခြင်းထဲက ဘာသာ စကား အခက်အခဲကြောင့် မြန်မာစာ အသုံးနှုန်းအားနည်းချက်များရှိပါက ၀ိညဉ်သဘောနှင့် နားလည် ပေးလိမ့်မည်ဟု မျော်လင့်ပါသည်။

ယနေ့အတူတကွ ဆင်ခြင်နှလုံးသွင်းဖို့ ရွေးချယ်ထားသော ခေါင်းစဉ်ကတော့ ”ကြွယ်ဝသော ကောင်းကြီးမင်္ဂလာ”ဟု အမည်ပေးချင်ပါသည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ အမျှားထဲမှ နေ့စဉ် ယုံကြည်သူများ အသက်တာမှာ လေ့ကျင့်မှတ်သား လိုက်လျှောက်သင့်သော ကောင်းကြီး မင်္ဂလာ (၄)မျိုးအကြောင်းကို အကျဉ်းမျှဝေငှလိုပါသည်။

(၁) ကြွယ်ဝသောကျေးဇူးတော် မင်္ဂလာ (ရော ၅း၁၇)

(၂) ကြွယ်ဝသော အသက်၌ ရှင်သန်ခြင်း မင်္ဂလာ (ယော ၁၀း၁၀)

(၃) ကြွယ်ဝသော ၀မ်းမြောက်ခြင်း မင်္ဂလာ (ဆာလံ ၁၆း၁၁)

(၄) ကြွယ်ဝသော ပြည်တော်ဝင်စားခြင်း မင်္ဂလာ (၂ပေ ၁း၁၁)

(၁) ကြွယ်ဝသော ကျေးဇူးတော် မင်္ဂလာ (ရော ၅း၁၇)

ယုံကြည်သူခရစ်ယာန်တစ်ဦး၏ လက်တွေ့အသက်တာ၌ အမြဲပြုရမည့်အချက်က ရားသခင်၏ ကျေးဇူးတော်ကို အမြဲရေတွက် အသက်ရှင်ခြင်းဖြစ်တယ်။ လူသား၏ကျေးဇူး၊ မေတ္တာ၊ စေတနာတို့ သည် ကုန်ဆုံးတက်သော်လည်း ဘုရားသခင်၏ကျေးဇူးကရုဏာသည် မကုန်ဆုံးနိုင်ပါ။ မိတ်ဆွေ တစ်ယောက်က ကျွန်ုပ်ကို ကူညီနိုင်သော်လည်း မကျေနပ်သည့် တစ်နေ့သူပြန်တောင်းနိုင်သည်မှာ ငြင်းဖွယ်မရှိ။ ပြန်မတောင်းသည့်တိုင်အောင် ငါမင်းကို ဒီလောက်ကူညီခဲ့တာ စသည်ဖြင့် ပြန်ပြော နိုင်သည်မှာ လူ့သဘာဝ၊ လူ့သဘောထားဖြစ်၍ ငြင်းနိုင်ဖွယ်မရှိ။ ဒါကြောင့်လူ့ရဲ့ကျေးဇူးက အကန့် အသတ်ရှိတယ်။

ဘုရားခင်၏ကျေးဇူးတော်သည် အနှိုင်းမရှိ၊ အကန့်အသတ်မရှိသည့်ကျေးဇူးတော်ပါ။ ကျေးဇူး တော်သည် လူတိုင်းအတွက်ဖြစ်သော်လည်း လူတိုင်းမရနိုင်ကြ။ ကြိုးစားခြင်းနှင့်ရယူနိုင်သော အရာမျိုးလည်းမဟုတ်ပါ။ ကြွယ်ဝသောကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်သည့် ဘုရားသခင့် ကြွယ်ဝသော ကျေးဇူးတော်သည် သခင်ယေရှုခရစ်အားဖြင့် သေခြင်းတရားထဲမှ ရွေးနှုတ် ကယ်တင်ခြင်းဖြစ်သည်။ ခန္ဓာ၊ စိတ်၊ ၀ိညဉ် သုံးပါးစလုံးတို့ကို ကယ်တင်ခြင်းဖြစ်သောကြောင့် ကျေးဇူးတော်၏ ကြွယ်ဝခြင်းဟု ဆိုထားသည်။ ချစ်သော မိတ်ဆွေ ဘုရားသခင်၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာကို အမြဲ ရေတွက်ချီးမွမ်းပါ။ ထူးခြားသာအသက်တာ ခံစားရရှိလာမှာ ဖြစ်တယ်။

(၂) ကြွယ်ဝစွာ အသက်ရှင်ခြင်း မင်္ဂလာ (ယော ၁၀း၁၀)

ကြွယ်ဝသောကျေးဇူးတော်၏ နောက်ဆက်တွဲဖြစ်သည့် ဒုတိယကောင်းကြီးမင်္ဂလာသည် ကြွယ်ဝသော အသက်တာ၌ ကျင်လည်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲက ထာဝရအသက် ဆိုတာ အဓိပ္ပယ်နက်ရှိုင်းလှသည်။ English ကျမ်းမှာ (Eternal) ဟူသော စကားလုံးသည် မြဲတည်မှု သဘောကိုဆောင်သည်။ ဘယ်တော့မှ မကုန်ဆုံးနိုင်သော အရာဖြစ်သည်။ နာမည်သေနိုင် သော်လည်း အသက်မသေနိုင်။ ထာဝရအသက်သည် (ကမ္ဘာ ၂း၇) ဇီဝအသက်နှင့် တစ်ထပ်တည်း ကျသည်။

ဘုရားသခင်က ကျေးဇူးတော်အထဲ၌ တည်သော ထာဝရအသက်ကို လေးနက်စွာ နားလည် စေလို၍ ဆန့်ကျင်ဘက်နှစ်ခုကို အမြဲတွနှ်တွဲလျှက် အလင်းနှင့် အမှောင်၊ အဖိုနှင့်အမ၊ အဖြူနှင့်အမဲ၊ မင်္ဂလာနှင့် အမင်္ဂလာ၊ ထာဝရနှင့် သင်္ခါရ…စသည်ဖြင့် ဒဿဗေဒ နည်းကျကျ ဖန်ဆင်းခဲ့သည်။

ကြွယ်ဝသောအသက်ဟု ဆိုရာတွင် ၀ိညဉ်အသက် တစ်ခုတည်းဆိုလိုခြင်းမဟုတ်ဘဲ ခန္ဓာ အသက်ရှင်ခြင်းလည်း အာမခံကြောင်းဖေါ်ပြသည်။ ၀ိညဉ်အသက်တာသည် အလွန်အရေးကြီး သလို ရုပ်ခန္ဓာတစ်ခုကိုလည်း လစ်လှူရှုအသက်ရှင်၍ မရနိုင်။ ကယ်တင်ခြင်းသည် ခန္ဓာ၊ စိတ်၊ ၀ိညဉ် သုံးခုစလုံး အတွက်ဖြစ်၍ တစ်ခုခုကို လစ်လှူရှု၍ မရနိုင်။ ရုပ်ခန္ဓာသည် ဘ၀အတွက် ဖြစ်၍ သင်္ခါရ အရာ၌ အရေးကြီးသလို ၀ိညဉ်သည် နီစ္စထာဝရသဘောကို ဆောင်လျှက် ထာဝရအသက် အဖို့ အရေးကြီးသည်။ အသက်ရှင်နေတုန်းမှာ ရုပ်ခန္ဓာကို ကရုစိုက်ဖို့ လိုအပ်သလို ထာဝရ ၀ိညဉ်အတွက် လည်း အမြဲ ပြင်ဆင်ထားဖို့ အရေးကြီးသည်။

(၃) ကြွယ်ဝသော ၀မ်းမြောက်ခြင်း မင်္ဂလာ (ဆာလံ ၁၆း၁၁)

ကြွယ်ဝသောအသက် ပိုင်ဆိုင်သော ယုံကြည်သူ၏ အသက်တာ၌ ကြွယ်ဝသော ၀မ်းမြောက်ခြင်း ရှိသည်။ လောကအရာတို့သည် ပျော်ရွှင်ခြင်းကိုပေးနိုင်သော်လည်း စစ်မှန်သောဝမ်းမြောက်ခြင်း မပေးနိုင်။

မီလျံနာချမ်းသာ ကြွယ်ဝသူတစ်ဦးသည် စိတ်ပျော်ရွှင်ခြင်းရှိသော်လည်း စစ်မှန်သော ၀မ်းမြောက် ခြင်းကို မရနိုင်။ လူ့အထဲမှ လာသမျှသောအရာတို့သည် စုံလင်သောဝမ်းမြောက်ခြင်းကို မပေးနိုင်။ လောကမှာ လူတွေ ထင်မှားတတ်ကြတာက ငွေကြေးချမ်းသာရင်ကြွယ်ဝခြင်းတဲ့။ ဆွေမျိုးများရင် ဂုဏ်ယူစရာတဲ့။ ဘွဲ့၊ ဒီဂရီလေးများလာရင် ၀ါကြွားစရာတဲ့။ ထိုအရာတို့သည် အရေးအတွက် သဘောသာဆောင်၍ အမြဲစိတ်ကျေနပ်မှုမပေးနိုင်။ ထို့ကြောင့် ကြွယ်ဝသော ၀မ်းမြောက်ခြင်း ကောင်းကြီးမင်္ဂလာသည် လောကအရာ၌ မတည်။

ကြွယ်ဝသော ၀မ်းမြောက်ခြင်းသည် တခဏအတွက် ပျော်ရွှင်ခြင်း သက်သက်မဟုတ်ပါ။ စိတ်ပျက် အားငယ်သည့်အချိန် ၀မ်းမြောက်ဖို့ဆိုတာ ပုထုစဉ်လူသားအတွက် လွယ်ကူမည်မဟုတ် သော်လည်း ကြွယ်ဝသောကျေးဇူးတော်ထဲ မျှော်လင့်ခြင်းနှင့် အားယူ၍ ရဲရင့်ခြင်းရှိရမည်။ သို့ဖြစ်၍ ကြွယ်ဝသော အသက်ကို ပိုင်ဆိုင်ရယူသောကြောင့် အစဉ်မပြတ် ၀မ်းမြောက်ခြင်း ရှိဖို့ (ဖိလိပိ ၄း၎၊ ၁သက် ၅း၁၆)။ စုံစမ်းညှဉ်းပန်းခြင်း ခံစားချိန်၌ ၀မ်းမြောက်ခြင်းရှိဖို့ (၂ကော ၈း၂) တမန်တော် ရှင်ပေါလုက တိုက်တွန်း အားပေးခဲ့သည်။

ချစ်သောမိတ်ဆွေ….ကောင်းစားသည့်အချိန် ၀မ်းမြောက်ခြင်းထက် ဆိုးယုတ်သည့်အချိန် ပိုပြီးဝမ်းမြောက်နိုင်ဖို့၊ နေကောင်းတဲ့အချိန်ထက် ဖျားနာသည့်အချိန် ပိုပြီးဝမ်းမြောက်နိုင်ဖို့။ အောင်မြင် သည့်အချိန် ၀မ်းမြောက်ခြင်းထက်၊ ရှုံးနိမ့်သည့် အချိန် ပိုပြီးဝမ်းမြောက်နိုင်ဖို့ ဘုရားသခင်ထံတော်ပါးမှ ခွန်အားတောင်းခံ အသက်ရှင်ပါ။ သို့ဖြစ်၍ အသက်တာမှာ ဘယ်လို ဖြစ်ဖြစ်၊ ဘာကြောင့် ဖြစ်ဖြစ်၊ ဘယ်ချိန်ဖြစ်ဖြစ် ဘုရားသားသမီးစစ်ရင် ကျေးဇူးတော်၌ ၀မ်းမြောက်ပါ။ ကြွယ်ဝသောကောင်းကြီး မင်္ဂလာ ထူးခြားစွာ ခံစားလာမှာ။

(၄) ကြွယ်ဝသော ပြည်ံတော်ဝင်စားခြင်း မင်္ဂလာ (၂ပေ ၁း၁၁)

ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ၀င်စားခြင်း အခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတံ့ (၂ပေ ၁း၁၁)

ရွှေပြည်တော်၏ သားသမီးများအတွက် လောက၌ ၀မ်းမြောက်ရုံနှင့် မပြီးဘဲ ကြွယ်ဝသော ပြည်တော်ဝင်စားခြင်းအခွင့်ကိုလည်း သားတော်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးတယ်။ ကြွယ်ဝ သော နိုင်ငံတော်ဟုဆိုရာတွင် အဓိပ္ပယ်အမျိုးမျိုးရှိတယ်။ အင်္ဂလိပ်ကျမ်း Definition of Abundant in Dictionary ထဲမှာ နာမ၀ိသေသနပုဒ်ဆောင်တဲ့ စကားလုံး (Plentiful Kingdom) ကြိယာဝိသေသန ပုဒ်ဆောင်တဲ့ စကားလုံး (in a fully sufficient Kingdom)…..စသည်ဖြင့် တွေ့ရသည်။

ကြွယ်ဝပြည့်စုံသော ပြည်တော်ဝင်စားနိုင်ရန်အတွက် ပြည်တော်၏စည်းမျဉ်းကို လိုက်နာဖို့ လိုသည်။ ပြည်တော်ဝင်စံချိန်တင်ဖို့လိုသည်။ ပြည်တော်ဝင်ခွင့်လက်မှတ်အဆင်သင့် ကိုင်ဆောင်ဖို့ လိုသည်။ ယခုမျက်မှောက်အသက်ရှင်နေတုန်းမှာပဲ ပြည်တော်ဝင်ခွင့် လက်မှတ်ကို သားတော်ယေရှု ခရစ်အားဖြင့် ဘုရားသခင်ပေးနေပြီ။ ကြွယ်ဝသောထာဝရနိုင်ငံတော် ၀င်ခွင့်အတွက် အရေအတွက် ထက် ပြည်တော်၏သားစစ်သားမှန်ဖြစ် အရည်အသွေးလိုအပ်သည်။ ပြည်တော်၏သားစစ် သားမှန်ဟု အသိမှတ်ပြုခြင်းခံရသူများ လက်တွေ့အသက်တာမှာ ပြည်တော်၏သားကောင်းလက္ခဏာ ပုံသက်သေ ထူဖို့လိုအပ်သည်။

ကြွယ်ဝသောနိုင်ငံတော် (သို့) ပြည်တော်သည် တရားမျှတခြင်းနှင့် ငြိမ်သက်ခြင်းတို့ တည်ရှိတဲ့ နေရာ။ အဆင့်အတန်းခွဲခြားခြင်း မရှိသည့်နေရာ။ ဒါကြောင့် ပြည်တော်၏သားသမီးများ အသက်တာမှာ အသင်းတော်စွဲ၊ အမျိုးစွဲ၊ ဒေသစွဲ၊ ဆရာစွဲ စသည့်ကျဉ်းမြောင်းသည့် အယူဝါဒစွဲများ မရှိသင့်ပါ။ အတ္တစွဲများအစား ဇွဲလုံ့လများစုစည်းလျှက် စည်းလုံးခြင်းအပြည့်နှင့် ဘုရားသခင်၏ ပြည်တော်၌ နေ၍ (၁) ကြွယ်ဝသောကျေးဇူးတော်ကို ခံစားချီးမွမ်းပါ။ (၂) ကြွယ်ဝသော အသက်တာထဲ လှုပ်ရှား အသက်ရှင်ပါ။ (၃) ကြွယ်ဝသော ၀မ်းမြောက်ခြင်းနှင့် ကြိုးစားအစေခံပါ။ (၄) ကြွယ်ဝစုံလင်သော ပြည်တော်ကို စံစားဖို့အသင့် ပြင်ဆင်ကြစို့ ဟု ဝေငှဖိတ်ခေါ်ရင်း။ ။

ဘုရားနာမ ဘုန်းကြီးပါစေ……..

No comments: